Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Saturday, July 19, 2008

ကယန်းလူမျိုးနှင့် ပတ်သက်၍

ခင်မင်းဇော် (http://khinminzaw.blogspot.com)

ကယန်း(ပဒေါင်) လူမျိုးနဲ့ပတ်သက်ပြီး စာတမ်းတခု ရေးသားနေတဲ့ ဘလော်ဂါ သင်ကာ အတွက် လိုအပ်တာ ယူသုံးနိုင်စေဖို့ မျှဝေပေးမယ်ဆိုတဲ့ စကားလေးနဲ့အတူ ဒီဆောင်းပါးလေးကို တင်ပေးလိုက်ပါတယ်။ ကျမတို့ ဗမာပြည်ထဲက လူမျိုးငယ်စု တခုဖြစ်တဲ့ ကယန်းလူမျိုးတွေရဲ့ သမိုင်းကြောင်းတွေနဲ့အတူ သူတို့ရဲ့ ကယန်းပြည်အတွက် လှုပ်ရှားခဲ့ကြတဲ့ တော်လှန်ရေး၊ ဦးဆောင်ခဲ့တဲ့ပါတီ၊ လက်နက်ကိုင် အင်အားစု၊ ငြိမ်းချမ်းရေး ရယူခဲ့မှု တွေကိုပါ လေ့လာနိုင်မယ်ဆိုရင် ကျေနပ် ၀မ်းသာလျှက်ပါ။

ကယန်းပြည်သစ် တော်လှန်ရေး နှင့် မြင်နေရသော လမ်းခွဲတခု


တော်လှန်ရေး မြစ်ဖျားတည်ရာ

ကယန်းလူမျိုးတို့၏ လက်နက်ကိုင်တော်လှန်ရေးသည် ၁၉၆၄ ခုနှစ်မှ စတင်ခဲ့သည်။ ယခုဥက္ကဌ ငိန်းကယန်းထန်သည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ အရေးအခင်း ဖြစ်ပွားစဉ်က ရန်ကုန်တက္ကသိုလ်တွင် မောင်ရွှေအေး အမည်ဖြင့် ကျောင်းတက်နေသော ကျောင်းသား တစ်ယောက် ဖြစ်သည်။ နေ၀င်းအစိုးရ၏ အရက်စက်ဆုံးသော ကျောင်းသားအရေးအခင်း ဖြိုခွင်းမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော တိုင်းရင်းသား ကျောင်းသားငယ်သည် တုန်လှုပ်သွားခဲ့သည်။ ၁၉၆၃ ခုနှစ် နေ၀င်းစစ်ကောင်စီလက်ထက် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ခြောက်ခရိုင် လူထုဆန္ဒဖေါ်ထုတ်ပွဲများတွင် ကျောင်းသားတယောက်အနေဖြင့် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့သည်။ နေ၀င်းစစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တဖက်သက် ဖျက်သိမ်းပြီး တောတွင်း လက်နက်ကိုင်အဖွဲ့များကို ပြန်လည်မောင်းထုတ်သည့် ဖြစ်ရပ်ကို တွေ့ကြုံခဲ့ရပြန်သည်။ ထို့ကြောင့် လက်နက် အားကိုးပြီး ဖိနှိပ်ဖြိုခွင်းသော အစိုးရကို လက်နက်နှင့်သာ သူတိုက်ကိုယ်တိုက် တိုက်ရမည်ဟု စဉ်းစား ယုံကြည်မိတော့သည်။
တောခိုမည့် ကျောင်းသားတယောက်အနေဖြင့် ကရင်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သည်။ ကရင်တပ်မှုးများနှင့် အတူနေထိုင်စဉ် ကယန်းလူမျိုးတယောက်အနေနှင့် မိမိဒေသတွင် တော်လှန်ရေးအဖွဲ့အစည်း ရှိသလား ၊ မရှိသေးလျှင် မိမိဒေသအတွင်း ပြန်လည်စည်းရုံး သင့်ကြောင်း အကြံပြုကြသည်။ ဒီလိုနှင့် မိမိဒေသတွင်းသို့ စည်းရုံးရေးဆင်းရန် ပြန်လာခဲ့တော့သည်။

လက်နက်ကိုင် တော်လှန်ရေးကို စတင်ရန် လူစုနေစဉ် နေ၀င်းအစိုးရ မှ ငွေစက္ကူ ၁၀၀ တန်များကို တရားမ၀င်အဖြစ် ကြေညာသည်။ လကုန်ရက်တွင် ၁၀၀ တန်တွေ ရထားသော ကယန်းဝန်ထမ်းတွေရဲ့ လစာလေးတွေ၊ တောထဲမှာ ဒေသထွက်ကုန်လေးတွေ ရောင်းပြီး စုထားတဲ့ ချွေးနည်းစာ ရာတန်လေးတွေ တန်ဖိုးမဲ့ကုန်ပြီ။ လူထုရဲ့ဒေါသက လူစုနေသော တော်လှန်ရေးကို အရှိန်မြင့်စေခဲ့ပြီ။ ကယန်းလူမျိုး တော်တော်များများမှာ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် က ရယူထားသော လက်နက်ကောင်းတွေ ၂၀၀ လောက် ရှိပြီးသားမို့ လက်နက်အတွက် အခက်အခဲမရှိတော့။ ပထမဦးဆုံးတိုက်ပွဲက ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာ ရဲစခန်းကို ၀င်ရောက်စီးနင်းခဲ့သည်။ နေ၀င်းအစိုးရကို စတင်တော်လှန်သော ထိုနေ့သည် ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ ကယန်းလက်နက်ကိုင် တော်လှန်ရေးနေ့ အဖြစ် ကယန်းလူမျိုးများ၏ သမိုင်းတွင် မှတ်တမ်းတင်ခဲ့လေပြီ။

ခိုင်မာကျစ်လစ် ကယန်းပြည်သစ်

ပီကင်းတိုက်ပွဲ အပြီးတွင် တော်လှန်ရေးကောင်စီ အစိုးရက လက်နက်နှင့် အလင်းဝင်လျှင် ဖမ်းဆီးခြင်းမပြု ဟု စည်ရုံးစကားဆိုကာ ဖိတ်ခေါ်ခဲ့သည်။ ဦးရွှေအေးနှင့် အမာခံ အချို့သာ ကျန်ရစ်ခဲ့ပြီး အများစု ရဲဘော်များ အလင်းဝင်ကြသည်။ မခံချင်စိတ်ဖြင့်သာ တိုက်ပွဲဝင်ခဲ့ကြပြီိး ခိုင်မာသော ယုံကြည်ချက် ၊ တိကျသော နိုင်ငံရေး ဦးဆောင်မှု မတည်ဆောက်နိုင်မီ တော်လှန်ရေး ဖြိုခွဲခံခဲ့ရသည်။ ကျန်ရစ်ခဲ့သော အမာခံအင်အားစုဖြင့် ကျစ်လစ်ခိုင်မာသော ဦးတည်ချက် ၊ မူဝါဒများ ရေးဆွဲကာ ကယန်းပြည်သစ် ပါတီကို ၁၉၆၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။

နိုင်ငံရေး ဦးဆောင်မည့် ပါတီဥက္ကဌအဖြစ် ဦးရွှေအေး ကတာဝန်ယူခဲ့သည်။ ကယန်းလူထုအကြား စည်းရုံးရေးဆင်းကာ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွဲခဲ့သည်။ သို့သော် အခက်အခဲက လက်နက်ကောင်းများအားလုံး အလင်းဝင်သူများနောက် ပါသွားခဲ့ပြီ။ တချက်တချက် ကျည်မထွက်ပဲ ကြောင်နေတတ်သည့် သေနတ်အစုတ်တွေနဲ့ ဘယ်လို တော်လှန်ရေး ဆက်လုပ်မလဲ။ စဉ်းစားရပြီ။ နောက်ဆုံး ရန်သူ စစ်ကြောင်းအဖြတ်မှာ သေနတ် ၀င်လုရန် တစ်လံလောက်အကွာက စောင့်ကြသည်။ ဒါ့ထက်ဝေးလျှင်လည်း မဖြစ်။ ကျည်မထွက်လျှင် လူချင်းဝင်လုံးပြီး သေနတ်လုရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ အဲဒီနေ့က စောင့်နေသူတွေကို ရွာသားတွေ ထမင်းထုပ် လာပို့ချိန်နှင့် ရန်သူ စစ်ကြောင်းလာချိန် တိုက်ဆိုင်ကာ ထမင်းထုပ်ပြန်ယူစဉ် လမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ဥက္ကဌ ဦးရွှေအေး ခြေထောက်တွင် ကျည်သင့်ကာ ဒဏ်ရာ ရခဲ့သည်။ ကယန်း တိုင်းရင်းသမားတော်က တိုင်းရင်းဆေးများဖြင့် ဂရုတစိုက် ကုသပေးသဖြင့် မဖြတ်ရပဲ ခြေထောက်မှာ အရိုး ၃ လက္မခန့် တိုသွားခဲ့သည်။

ထိုတိုက်ပွဲမှ သင်ခန်းစာယူကာ လူအင်အားအရ ပြောက်ကျားတိုက်ပွဲ ဆင်နွဲရန်သာ အသင့်တော်ဆုံးအဖြစ် ဆုံးဖြတ်ပြီး ပြောက်ကျားစစ်ဆင်နည်းကို စနစ်တကျ တတ်မြောက်ရန် ကရင်တော်လှန်ရေးနယ်မြေသို့ တပ်ဖွဲ့ဝင် အချို့ကို စေလွှတ်ခဲ့သည်။ ကေအန်ယူမှ ကယန်းတပ်ဖွဲ့အတွက် လက်နက်ထောက်ပံ့မှုများ ရရှိခဲ့သည်။ ကယန်းနယ်မြေများတွင်လည်း စည်းရုံးရေးများကို တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့သည်။
တော်လှန်ရေးကောင်စီလက်ထက် ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်များတွင်လည်း ကယန်းဒေသသည် လမ်းပန်းဆက်သွယ်ရေး ၊ ပညာရေး၊ ကျန်းမာရေး အားလုံး လျစ်လျူရှု ခံခဲ့ရသည့် နယ်မြေဒေသ ဖြစ်ဆဲပင်။ ဆယ်ရက်တခါ ဈေးရက်ရှိသည့် အနီးဆုံးရွာကိုပင်လျင် လမ်းမည်ကာသောလမ်းကလေးမှ တောတိုးကာ တစ်ရက်လောက်သွားကြရသည်။ ရွာသားများသည် မည်မျှပင် ဆင်းရဲစေကာမူ ကယန်းလူမျိုးတိုက်ပွဲဝင် ရဲဘော်များအတွက် ရိက္ခာထောက်ပံ့ရေးကို ဘယ်တော့မှ မငြီးငြူခဲ့ချေ။

ကယန်းမိသားစုတွင် ယောင်္ကျားလေး မွေးလာလျှင် သေနတ်တလက် အိမ်ရှေ့ခန်းတွင်ချိတ်ရသည့် ထုံးစံဓလေ့ ရှိခဲ့သည်။ တောင်ယာလုရန်၊ တောလိုက်ရန် ယောင်္ကျားလေးသည် သေနတ်ပစ်ကို ပစ်တတ်ရသည်။ ကယန်းပြည်သစ်ပါတီ၏ စည်းရုံးရေးသည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ဖြစ်နေမှုကို ထောက်ပြဝေဖန်ရင်း ကယန်းလူမျိုးများ၏ နိမ့်ကျနေသော ပညာရေး၊ ကျန်းမာရေးတို့ကို တတ်အားသမျှ မြှင့်တင်ခြင်းဖြင့် အောင်မြင်ခဲ့သည်။ ကယန်းရွာတိုင်းရှိ လူငယ်တော်တော်များများသည် ကယန်းပြည်သစ်ပါတီဦးဆောင်သည့် ကယန်းတပ်မတော် ရဲဘော်များဖြစ်လာသည်။ စစ်ရည်စစ်သွေး ဗီဇအပြည့်ရှိသော ကယန်းတပ်မတော်မှ တိုက်ခိုက်စွမ်းရည် အပြည့်ရှိသော တပ်မှုး ၊ တပ်သား ကောင်းများ ပေါ်ထွက်လာသည်။ မဆလ လက်ထက် စစ်တပ်တွင်းရှိ တပ်မှုးများကိုယ်တိုင် အသိအမှတ်ပြုခဲ့ရသညိ။

တဖက်တွင်လည်း အခြားတိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ ဖြစ်သည့် က၊လ၊လ၊တ(ကရင်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး) ရ၊လ၊လ၊ဖ (ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့)တို့နှင့် မဟာမိတ်ဖွဲ့ကာ မဆလ၏ ထိုးစစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နေရသည်။ မဟာမိတ် အဖွဲ့များနှင့် ပေါင်စည်းမှုမှာ ဒေသခံပြည်သူများ၏ ထောက်ခံမှုကို တိုးပွားစေခဲ့သည်။ တော်လှန်ရေး သက်တမ်းရှည်ကြာခဲ့သော်လည်း နိုင်ငံရေး ၊ စစ်ရေး အမြင်များ နိမ့်ကျသွားခြင်း အလျဉ်းမရှိချေ။

ကယန်းနယ်မြေများသည် မြန်မာနိုင်ငံ နယ်စပ်မျဉ်းများနှင့် မနီးကပ်ပဲ နိုင်ငံအတွင်းပိုင်းတွင် တည်ရှိနေခြင်း ကြောင့်  ဘေးနံဆက်စပ် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ ၁၉၉၄ တွင် န၀တ နှင့် အပစ်အခတ်ရပ်စဲရေး ရယူသောအခါ ရပ်တည်ရန် ခက်ခဲသွားတော့သည်။ ထို့ကြောင့် ၁၉၉၄ ခု ဇွန်လတွင် န၀တနှင့် အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးရတော့သည်။ ဆွေးနွေးနေစဉ် အတွင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲပင် ဖြစ်သည်။ ၁၉၉၄ ခု (ဇူလိုင်) လ၊ (၂၆ )ရက်နေ့တွင် ကယန်းပြည်သစ်ပါတီ ဦးဆောင်သော ကယန်းတပ်မတော်နှင့် နအဖ တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ အောင်မြင် ပြီးဆုံးခဲ့သည်။ မိမိနယ်အတွင်း လက်နက်ကိုင်ဆောင်ခွင့် ရှိပြီး စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်အဖြစ် သတ္တုမိုင်းတွင်း တူးဖေါ်ခွင့်၊ မိုင်းရှုးကျောက်တွင်း တူးဖေါ်ခွင့်၊ ပျဉ်းမနားရေနီဖက်ရှိ သစ်ကွင်းများ ထုတ်လုပ်ခွင့်တို့ ရရှိသည်။ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပျဉ်းမနား တို့တွင် ဆက်ဆံရေးရုံးခွဲနှင့် စီးပွားရေးရုံးများဖွင့်လှစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဆက်ဆံရေးရုံးချုပ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

၁၉၉၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦး။ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ကော်မတီဝင်များနှင့် ကယန်းပြည်သစ်ပါတီ ဥက္ကဌ ငိန်းကယန်းထန် () ဦိးရွှေအေး ၊ ဒုဥက္ကဌ ဦးသန်းစိုးနိုင် ၊ က၊ လ၊ လ၊ တ (ကရင်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး)မှ အတွင်းရေးမှုး ဦးမန်းသက်ဖော တို့ အလွတ်သဘော တွေ့ဆုံပွဲ ကို ရန်ကုန်မြို့ ၀င်ဒါမီယာလမ်း ဗောဓိကုန်း ကျောင်းတိုက် တွင် ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲကို န၀တ ထောက်လှမ်းရေး များ မသိရှိလိုက်ပဲ ပြုလုပ်နိုင်ခဲ့သဖြင့် ကယန်းပြည်သစ်ပါတီ၏ ဥက္ကဌနှင့် ဒုဥက္ကဌကို ရန်ကုန်ထောက်လှမ်းရေးမှ ၄င်း ညတွင်ပင် ခေါ်ယူ စစ်ဆေးခဲ့သည်။ ရန်ကုန်တွင် ရုံးထိုင်သော ဒုဥက္ကဌမှ လွဲ၍ ဥက္ကဌနှင့် အဖွဲ့ဝင်အချို့၏ ခရီးသွားလာခွင့်ကို ကယားပြည်နယ် အတွင်းသာ ခွင့်ပြုခဲ့သည်၊၊

၁၉၉၇ ခုနှစ်တွင် ပျဉ်းမနားသစ်ကွင်း၌ မြေမြှုပ်မိုင်းပေါက်ကွဲ၍ အတွင်းရေးမှုး ဗိုလ်မှုးကြီးအိုက်ဒေါင်း ညာဖက်ခြေဒူးဆစ်မှ ဖြတ်ပစ်ရသည်။
၁၉၉၈ ခုနှစ် သြဂုတှ်လ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ဖွဲ့စည်းသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ကို ကယန်းပြည်သစ်ပါတီ ၊ ကလလတ၊ ရလလဖ မဟာမိတ်သုံးဖွဲ့ ခေါင်းဆောင်ကြီးများမှ ပူးတွဲလက်မှတ်ထိုး၍ ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မွန်ပြည်သစ် ပါတီမှလည်း သီးခြား ထောက်ခံချက် ထုတ်ပြန်ခဲ့သည်။
နအဖ မှ ၄င်း၏တပ်များကို တိုးချဲ့ပြင်ဆင်ပြီး ထောက်လှမ်းရေးမှ တဆင့် ထောက်ခံချက် ပြန်လည် ရုပ်သိမ်းရန် ဖိအားပေးခဲ့သည်။ သုံးဖွဲ့ခေါင်းဆောင်များ အပြန်အလှန် ညှိနှိုင်းနေစဉ် က လ လ တ မှ ရုပ်သိမ်းကြောင်း ဒုဥက္ကဌ လက်မှတ်ရေးထိုး၍ ထုတ်ပြန်လိုက်သည်။ နောက်ဆုံး ရ လ လ ဖမှ လည်းထောက်လှမ်းရေး ဖိအားကြောင့် ရုပ်သိမ်းကြောင်း လက်မှတ်ရေးထိုးလိုက်ရပြန်သည်။ နောက်ဆုံးမှ ကယန်းပြည်သစ်ပါတီမှာ အားမတန်၍ မာန်လျော့ခဲ့ရသည်။

ကယန်းပြည်သစ် ပါတီ ဥက္ကဌ အနေဖြင့် ရုပ်သိမ်းကြောင်း ပြန်လည် လက်မှတ်ထိုး မပေးနိုင်သဖြင့် ပါတီဥက္ကဌ ရာထူးမှ နှုတ်ထွက်ခဲ့သည်။ှ စစ်ဦးစီးမှုး ဗိုလ်မှုးကြီးသန်းပလန်မှ ဒေါ်အောင်ဆန်းစုကြည်အား မထောက်ခံပါ။ လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အားထောက်ခံပါသည်။ ဟု နှစ်ကြောင်းတည်းသော တိုတောင်းသည့် ထုတ်ပြန်ချက်ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့သည်။

စုစည်းခဲ့ပြီ ကယန်းပြည်

ကယန်းပြည်သစ်ပါတီ အနေဖြင့် အပစ်အခတ်ရပ်စဲရေး ကာလအတောအတွင်း ၂၀၀၀ ခုနှစ်မှ စတင်၍ကယန်းစာပေ၊ ကယန်းဘာသာ စကား၊ ကယန်းအလံတော်၊ ကယန်းအမျိုးသား သီချင်း များကို တရားဝင်သတ်မှတ်နိုင်ခဲ့ပြီး ကယန်း အမျိုးသား ကျောက်တိုင်ကိုလည်း တည်ဆောက်နိုင်ခဲ့သည်။ ကယန်းမျိုးတူစု လေးမျိုးရှိပြီး ကယန်းကငန်၊ ကယန်း ကတော့၊ ကယန်းကခေါင်း၊ ကယန်းလာထ ဟူ၍ဖြစ်သည်။ ကယန်းစကားမှာလည်း လူမျိုးစုအလိုက် စကားများ မတူ ကြပေ။ ကယန်းရုံးသုံးဘာသာစကားအဖြစ် ဖယ်ခုံဒေသသုံး ကယန်းဘာသာ စကားကို အများသဘောတူချက် အရ သတ်မှတ်နိုင်ခဲ့ပြီး ကက်သလစ်ဘုန်းတော်ကြီးများ တီထွင်ပေးခဲ့သည့် ကက်သလစ် ဘာသာဝင်သုံး ကယန်း စာပေ ကိုလည်း ကယန်းလူမျိုး စာပေအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ကယန်းအမျိုးသားကျောက်တိုင်ကို သိကျိတ်ကျေးရွာတွင် စိုက်ထူပြီး ဧပြီလ (၁၀) ရက်နေ့ကို ကယန်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း နိုင်ငံရေးရပ်တည်ချက်အရ ကယန်းပြည်သစ်ပါတီအနေဖြင့် အခြားအပစ်ရပ်အဖွဲ့များထက် နအဖနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ပိုမို ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ဥက္ကဌမှအစ ဗဟိုကော်မတီများ အပါအ၀င် အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ တိုးတက်များပြားလာသော်လည်း တော်လှန်ရေး စိတ်ဓါတ်များ ပျက်ပြားခြင်း မရှိသေးသည်ကို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ထောက်ခံခဲ့စဉ်က အထင်အရှားတွေ့မြင်ရသည်။ ထောက်လှမ်းရေးမှ ငြိမ်းချမ်းရေးသဘောတူချက် ပျက်ပြား သွားနိုင်သည်ဟု ခြိမ်းခြောက်သည်ကို မြို့ပေါ်ရောက် အဖွဲ့ဝင်များ (ဒုဥက္ကဌမှအစ) အားလုံး အခြေခံဒေသသို့ ပြန်လည်ဆင်းပြီိး စစ်ရေးပြင်ဆင်သည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

ရွေးချယ်သင့်သော လမ်း ဘယ်လို လမ်းလဲ။

ယခု ၂၀၀၅ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေးအဖွဲ့များသည် လက်နက်အပြီး အပ်ခိုင်းသည့် အခြေအနေကို ရင်ဆိုင် နေကြရပြန်သည်။ စစ်အုပ်စုအနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးကို အမှန်တကယ် မယုံကြည်ပဲ ကမ္ဘာ့အလယ် မျက်နှာပန်းလှရန် ပြင်ဆင်ပြသည့် ငြိမ်းချမ်းရေးသဘောတူချက်များအား အလေးမထားသည်ကို အထင်အရှား တွေ့မြင်နိုင်သည်။ ကယန်း အပစ်အခတ်ရပ်စဲရေးအဖွဲ့ အနေဖြင့် စစ်မှန်သော ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာလျင် လက်နက်စွန့်လွှတ်မည်ဟု ကယန်းလက်နက်ကိုင်တော်လှန်ရေး (၃၃) နှစ်မြောက်အခမ်းအနားတွင် ဥက္ကဌ ငိန်းကယန်းထန်မှ ပြောကြားခဲ့သည်။
ဒေသနယ်လေးခုအတွင်း ဖရုံသီးလေးစိတ်ကွဲလို ခွဲခြားထည့်သွင်းခြင်း ခံထားရသော ကယန်းလူမျိုးများသည် ယနေ့ကာလ၌ တခုတည်းသော ကယန်းအမျိုးသား အလံတော်အောက်တွင် ကယန်းပြည်သစ်ပါတီ၊ ကယန်းပြည်သစ် တပ်မတော်နှင့် အတူ စည်းလုံးညီညွတ်စွာ တည်ရှိနေပြီဖြစ်သည်။ ခေတ်အဆက်ဆက် ကယန်းအမျိုးသား တော်လှန်ရေးခေါင်းဆောင်များ ဖြစ်သည့် ကလိုင်းဖါးရီး၊ အိုက်သထောင်၊ သိုင်းဘဟန် တို့ကဲ့သို့ပင် ယနေ့ကာလ၌ ကယန်းအမျိုးသားခေါင်းဆောင်ကြီး ငိန်းကယန်းထန်၏ ဦးဆောင်မှုအောက်ဝယ် ကယန်းအမျိုးသားထု တရပ်လုံး စုစည်းနိုင်ခဲ့ကြပြီ။
အခြားလက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး အင်အားစုများနည်းတူ နအဖ၏ လက်နက်ဖြုတ်ရေး အတင်းအကျပ် ဖိအားပေးမှုကို ကယန်းပြည်သစ်ပါတီ အနေဖြင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
သမိုင်းအစဉ်အဆက် တော်လှန်ရေး အစဉ်အလာ ရှိခဲ့သော ကယန်း ပြည်သစ်ပါတီနှင့် ကယန်းလူထုအနေ ဖြင့် ဘယ်လမ်းကို ရွေးမည်နည်း။ လမ်းခွဲတခုသို့ ရောက်ချေပြီ။ ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
(
မိုးကြိုးသတင်းစာတွင် ဖော်ပြပြီး)
(
ယခုအချိန်ထိ လက်နက်အပ်ခြင်းမရှိသေးကြောင်း သိရပါသည်)